ကျန်းမာချင်လား ပက်လက်အိပ်ပါ
အိပ်စက်ခြင်းပုံစံတွေထဲမှာ ပက်လက်အိပ်တာကတော့ လူကြိုက်သိပ်မများတဲ့ အနေအထားလို့ပဲ ဆိုရမှာပါ။ ကမ္ဘာ့လူဦးရေရဲ့ ၈၅% လောက်က ဘေးတစောင်းအိပ်ရတာကို ပိုကြိုက်နှစ်သက်ပြီး ကျန်တဲ့ ၁၅% လောက်က ပက်လက်အိပ်တာနဲ့ မှောက်လျက်အိပ်တာကို အသီးသီး ကြိုက်နှစ်သက်ကြပါတယ်။ တချို့တွေမှာ ကလေးဘဝတုန်းက ပက်လက်အိပ်တတ်ကြပြီး အသက် ၂၀ နောက်ပိုင်းရောက်တော့မှ ဘေးတစောင်းပြောင်းအိပ်ရင်း ဒီပုံစံအတိုင်းပဲ အကျင့်ဖြစ်လို့ ဆက်အိပ်သွားတာမျိုးတွေလည်း ရှိပါတယ်။
ဒါဆို ပက်လက်အိပ်လို့ ဘာကောင်းကျိုးရှိနိုင်လဲ။
အိပ်စက်ခြင်းပုံစံတိုင်းမှာ သူ့ဟာနဲ့သူတော့ ကောင်းကျိုးတွေက ရှိတာပါပဲ။ ပက်လက်အိပ်တာအနေနဲ့ ကြည့်မယ်ဆိုရင်
၁။ ခါးနာတာနဲ့ ဇက်ကြောတက်တာကို သက်သာစေတယ်။
ပက်လက်အိပ်တဲ့အခါ ခါးရိုးနဲ့ ဆက်စပ်ကျောရိုးတစ်လျှောက်လုံးက အဖြောင့်အတိုင်းပဲ တန်းတန်းမတ်နေပါတယ်။ ဒီလိုမျိုး ကွေးကောက်ခြင်းမရှိတဲ့အခါ အရိုးအဆစ်တွေအတွက် ဖိအားလျော့သွားစေပြီး နာကျင်မှုဝေဒနာကို လျော့ပါးသွားစေပါတယ်။
၂။ ခေါင်းကိုက်တဲ့ အကြိမ်ရေနည်းသွားတယ်။
အကယ်လို့ သင်က မကြာခဏခေါင်းကိုက်ဝေဒနာကို ခံစားရသူဆိုရင် ပက်လက်အိပ်တဲ့နည်းလမ်းကို စမ်းကြည့်သင့်ပါတယ်။ စမ်းသပ်ချက်များအရ ပက်လက်အိပ်တဲ့အခါ ကျောရိုးက အပြားလိုက်ဖြစ်နေပြီး ဦးနှောက်အာရုံကြောစနစ်အပေါ် ဖိအားလျော့နည်းစေလို့ ခေါင်းကိုက်တဲ့ ဝေဒနာကို သက်သာစေတယ်လို့ တွေ့ရပါတယ်။
၃။ အသက်ကောင်းကောင်း ရှူနိုင်စေတယ်။
အသက်ရှူလမ်းကြောင်းဟာ ပက်လက်အိပ်တဲ့အနေအထားအရ တစ်ဖြောင့်တည်းဖြစ်နေတဲ့အခါ လေဝင်လေထွက်ပိုကောင်းသလို အသက်ရှူမှန်စေလို့ အိပ်နေရင်း အသက်ရှူကျပ်တဲ့ အခြေအနေတွေကို လျော့နည်းသက်သာစေနိုင်ပါတယ်။ သတိထားဖို့ကတော့ Sleep Apnea လိုမျိုး အိပ်နေရင်း အသက်ရှူရပ်သွားသူတွေအတွက်တော့ ဆန့်ကျင်ဘက်ရလဒ် ဖြစ်နိုင်တာကြောင့် မသင့်တော်ပါဘူး။
၄။ ဝက်ခြံထွက်တာ သက်သာစေတယ်။
ကျွန်တော်တို့မျက်နှာမှာ ဝက်ခြံပေါက်စေတဲ့ လူသိနည်းတဲ့အချက်တစ်ချက်က ဖုန်တက်နေတဲ့ ခေါင်းအုံးအစွပ်တွေမှာ မျက်နှာကပ်ပြီး အိပ်လို့ပါပဲ။ မျက်နှာနဲ့ ခေါင်းအုံးစွပ် အနီးကပ်ထိနေတဲ့အခါ ဖုန်မှုန့်တွေဟာ ချွေးပေါက်ထဲအလွယ်တကူ ဝင်ရောက်ပိတ်ဆို့သွားတာကြောင့် ဝက်ခြံပိုထွက်စေတာဖြစ်ပါတယ်။ ပက်လက်အိပ်တဲ့အခါ ခေါင်းအုံးစွပ်ကို ဦးရေပြားနဲ့သာ ထိတွေ့စေတာဖြစ်ပြီး မျက်နှာအရေပြားနဲ့ ထိတွေ့မှုနည်းသွားတာကြောင့် ဝက်ခြံဖြစ်နိုင်ခြေကို သိသိသာသာ လျော့ကျစေနိုင်ပါတယ်။
၅။ စားချင့်ရည်ပြန်ကန်တက်တာကို သက်သာစေတယ်။
စားချင့်ရည်လို့ ခေါ်တဲ့ Acid Reflux ဆိုတာ အစာအိမ်ကနေ လည်ချောင်းအထိ အပေါ်ကန်တက်လာတဲ့ အက်စစ်ရည်တစ်မျိုးဖြစ်ပြီး GERD ရောဂါရှိသူတွေမှာ မကြာခဏ ဖြစ်တတ်ပါတယ်။ လှဲလျောင်းနေတဲ့အခါ အစာအိမ်ကနေ စားချင့်ရည်တွေဟာ လည်ချောင်းအထိ ကန်တက်ဖို့ အခွင့်အရေးပိုများတဲ့အတွက် ပက်လက်အိပ်ခြင်းဖြင့် အောက်ကနေ လည်ပင်းကို ထောက်ပင့်ပေးထားရင်း စားချင့်ရည်ပြန်ကန်တက်တာကို အနည်းငယ် ထိန်းချုပ်ပေးနိုင်ပါတယ်။
၆။ နှာရည်ယို၊ နှာပိတ်တဲ့ ပြဿနာကို သက်သာစေတယ်။
ရာသီဥတု နည်းနည်းအေးလာပြီဆိုရင် နှာစေး၊ နှာပိတ်တဲ့ပြဿနာက အမြဲလိုလို ဖြစ်နေတတ်တဲ့ ကျန်းမာရေးပြဿနာတစ်ခုပါ။ နေ့ဘက်တွေမှာ ပြဿနာမရှိပေမဲ့ ဒီလိုနှာစေး၊ နှာပိတ်ခြင်းဟာ ညဘက်တွေမှာ လေထုဖိအားပိုမိုလျော့ကျပြီး အေးတဲ့အတွက် ပိုဖြစ်တတ်ပါတယ်။ အိပ်နေရင်း နှာခေါင်းပိတ်ပြီဆိုရင်တော့ လေဝင်လေထွက်ပေါက်ပိတ်သွားတဲ့အတွက် အိပ်ပျော်ဖို့ ပိုခက်ခဲသွားပါတယ်။ ပက်လက်အိပ်တဲ့အခါ ဦးခေါင်းက နှလုံးတည်ရှိရာနေရာရဲ့ အပေါ်ဘက်ကို ရောက်နေတာကြောင့် နှပ်၊ ချွဲသလိပ်တွေ စုပုံဖို့ အခွင့်အလမ်းပိုနည်းသွားတဲ့အတွက် နှာစေး၊ နှာပိတ်တာကို သက်သာစေနိုင်ပါတယ်။
အကယ်လို့ သင်က ပက်လက်အိပ်ရတာ ကြိုက်နှစ်သက်တယ်၊ ဒါမှမဟုတ် အခုမှ ပက်လက်အိပ်ဖို့ ကြိုးစားတော့မယ်ဆိုရင်
၁။ သက်သောင့်သက်သာဖြစ်တဲ့ မွေ့ရာ၊ ကုတင်အမျိုးအစားကို ရွေးဝယ်ပါ။
၂။ ခေါင်းအုံးဟာ နိမ့်လွန်း၊ မြင့်လွန်းနေလို့ မရဘဲ ပုံမှန်အနေအထားအတိုင်းမှာ ရှိနေရပါမယ်။
၃။ ဒူးခေါင်းအောက်မှာ ခေါင်းအုံးအသေး၊ အမာတစ်ခု ခံထားပေးနိုင်ရင် ပိုကောင်းပါတယ်။
၄။ ပက်လက်အိပ်ရင်း ကိုယ့်လက်နှစ်ဖက်ကို ဘေးမှာအဖြောင့်အတိုင်းကပ်ထားတာ ဒါမှမဟုတ် ရင်ဘတ်ပေါ် တင်ထားရင် အိပ်ပျော်ဖို့ ပိုမြန်ပါတယ်။
ရဲမျိုးမြတ်